ပဲခူး ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် အသက် (၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ထပ်ဆောင်း ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပွယ်စေး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့် အဖွဲ့ဝင်များက မဇင်းရပ်ကွက်ရှိ ဘိုးဘွားများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁)ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀/-) နှုန်း၊ လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အတွင်း အရေးပေါ်တုံ့ပြန်မှုအနေဖြင့် အသက်(၁၀၀) နှစ်နှင့်အထက် ဘိုးဘွား(၁)ဦးလျှင် ထပ်ဆောင်းထောက်ပံ့ငွေ (၃၀၀၀၀/-)စီဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၉၀၆၆)ဦး၊ အသက် (၁၀၀)နှစ်နှင့် အထက် ဘိုးဘွား(၃၈၅) ဦးတို့ အတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအလိုက် ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆက်လက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ပဲခူးခရိုင် (ပြန်/ဆက်)