မြန်အောင် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာအား ယနေ့နံနက်က မြန်အောင်မြို့ရှောင်လမ်းဆုံ WELCOME TO MYANAUNG ရှေ့တွင် စိုက်ထူပွဲအခမ်းအနားကျင်းပသည်။ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး ဝေလင်းနှင့် ခရိုင်ပညာရေးမှူး ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) ဦးမျိုးမင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၂) ဦးအောင်မျိုးဦး၊ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးမြင့်အောင်၊၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်တို့က မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အား မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade-12) အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းဗိုလ်