နတ်မောက် မေ ၂၅
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အသစ်၏ “QUICK WIN” ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နတ်မောက်မြို့နယ် သစ်ရာကိုင်းကျေးရွာနှင့် ပြည်သူ့ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွှန့်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်း၊(ပင်မစစ်လက်နက်ပစ္စည်းတပ်) ဗိုလ်မှူးချုပ်ရဲစိုးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လတ်မိုး တို့က ၁၁/၀.၄ ကေဗွီထရန် စဖော်မာရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ၂၀၀ ကေဗွီအေလိုင်းအား စက်ခလုတ်နှိပ်ပေးကာ မီးစတင်လွှတ်ပေး၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျေးရွာနေအိမ်များရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားစတင်အသုံးပြုနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် အခမ်းအနားကိုကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဆန်းညွှန့်အောင်က လျှပ်စစ်မီးရရှိလာပြီဖြစ်သည့်အတွက် လျှပ်စစ်မီးသုံးစွဲရာတွင်လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ယခုလို လျှပ်စစ်မီးအမြန်ရရှိအောင်ဆောင်ရွက်ပေးခဲ့ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကျေးရွာသူ၊ကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ နတ်မောက်မြို့ ပြည်သူ့ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဦးတင်ကိုကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပြည်သူများဖြင့်တွေ့ဆုံရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖ ဦးဉာဏ်ရှိန်၊ ဦးဆန်းထူး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီဥက္ကဋ္ဌ ဦးညိုကြီးတို့က ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ပညာရေးကဏ္ဍများကိုတင်ပြခဲ့ရာ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်ဝန်ကြီးများက တင်ပြချက်များကို ပြန်လည်ရှင်းလင်းပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပြည်သူများဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
လှဝင်း