အောင်လံ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အောင်လံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ချေးငွေယူမည့် တောင်သူများအား အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ချေးငွေများ ပေးအပ်ခဲ့သည်။
အောင်လံမြို့နယ် မိုးကောင်းကျေးရွာမှ ဒေသခံတောင်သူများအား Quick Win ရက်၁၀၀စီမံချက်အတွင်း ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဦးလျှင်ငွေကျပ် သိန်း၄၀နှုန်းဖြင့် စုစုပေါင်း တောင်သူ ၁၁ ဦးအား သက်သာသောအတိုးနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၄၄၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)