မြောင်းမြ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ သတ္တမအကြိမ်မြောက် တိုင်းအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၌ စိုက်ပျိုးခဲ့သည့် စိုက်ပင်များရှင်သန်အောင်မြင်မှု အခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး ဒေါ်မေသန်းဦးနှင့်အတူ တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့်အဖွဲ့မှ လိုက်ပါ၍ စိုက်ပင်များရှင်သန်အောင်မြင်မှု ကောင်းမွန်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သယံဇာတရေးရာဝန်ကြီးက သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးသယံဇာတဝန်ကြီး ဦးဆောင်ပြီး ညွှန်ကြားရေးမှူးလိုက်ပါသည့် သစ်တောဝန်ထမ်းအဖွဲ့သည် မြောင်းမြမြို့ဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကပ်ကာစေတီတော် အနီးတွင် ၂၀၂၆ ခုနှစ်မိုးရာသီတွင်စိုက်ပျိုးမည့် မိုးအကြိုသစ်ပင်စိုက်ပျိုးပွဲတော်နေရာကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးမှ မြောင်းမြမြို့နယ်၊ ကျောက်ကုန်းကြိုးဝိုင်း အကွက်အမှတ် (၂) ရှိ ပုဂ္ဂလိက သစ်မာစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးမှ မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မဘိနယ်ရှိ ယာယီပျိုးဥယျာဉ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည်ဖြစ်သော လူထုဖြန့်ပျိုးပင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီဖြန့်ဝေနိုင်ရေးနှင့် ရှင်သန်အောင်မြင်အောင် စိုက်ပျိုးရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးမှ မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးတွင် ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ မြောင်းမြခရိုင်သစ်တောဝန်ထမ်းများ၊ မြောင်းမြမြို့နယ်သစ်တောဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန် လူထုဖြန့်ပျိုးပင်များ ရှင်သန်အောင်မြင်အောင် စိုက်ပျိုးရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)