မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ အမှတ်(၁)အခြေခံပညာ ကျောင်းဝန်းအတွင်းသန့်ရှင်းသာယာလှပမှုရှိစေရေး ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေး

မကွေး မေ ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်နေ့ နံနက် (၇) နာရီက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ် မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်၌ ပညာသင်ကြားခွင့်ရရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ကျောင်းဝန်းအတွင်း/အပြင် သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများဆယ်ယူခြင်းနှင့် ခြင်၊ ယင်အန္တရာယ်ကင်းဝေးစေရေးတို့ အတွက်သက်ဆိုင်ရာဌာနများက ဟန်ချက်ညီညီဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်လူမှုရေးအသင်း အဖွဲ့များ၊ ရက်ကွက်နေပြည်သူများက အခြေခံပညာကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင် ရွက်နေမှုများကိုလှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား အချိုရည်၊ မုန့်နှင့် သောက်ရေသန့်များ ဝေငှ‌ပေးခဲ့‌ကြောင်းသိရ သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကွေးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)