သဲကုန်း မေ ၂၄
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း ရောင်းချသောလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်အမှာစကားပြောကြားပါသည်။ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစိုးလှမြင့်က အခွန်ဆိုင်ရာကိစ္စရပ်များကို ပြောကြားရာတွင် အခွန်မူဝါဒများ၊ အခွန်အမျိုးအစားများ၊ ပြေစာအမျိုးအစားများ၊ အခွန်ဆောင်ခြင်း၏ အားသာချက်များ၊ ဆောင်ရန်ရှောင်ရန်များ ၊အခွန်ဥပဒေနှင့် ပတ်သက်သော အကြောင်း အရာများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်း ရောင်းချသောလုပ်ငန်းရှင်များစားသောက်ဆိုင် လုပ်ငန်းရှင်များ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)