မင်းဘူး မေ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် Grade-10 ၊ Grade-11 ၊ Grade-12 သင်ကြား ရေးတာဝန်ယူကြမည့် ဆရာ၊ ဆရာမများအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြု ဘာသာရပ်ဆိုင်ရာ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ထိုသို့ သင်ကြားရာတွင် အခြေခံပညာအလယ်တန်းအဆင့် (Grade – 6 ၊ 7 ၊ 8 ၊ 9) အတန်းများကပင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများ ရရှိလာစေရန် သင်ကြားပို့ချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ ရရှိလာသည့် ပညာရပ်ဆိုင်ရာ ဗဟုသုတများအပေါ်မူတည်၍ ရွေးချယ် လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကို Grade-10 ၊ Grade-11 ၊ Grade-12 အဆင့်တွင် ဆက်လက်သင်ယူပြီး သက်ဆိုင်ရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်တို့တွင် တက်ရောက်သင်ယူကာ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်တန်းတက်ရောက်သူ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၇၉) ဦး၊ စုစုပေါင်း (၉၁) ဦးနှင့် သင်တန်းနည်းပြ (၆) ဦးဖြင့် မေလ (၂၂) ရက်မှ (၂၆) ရက်နေ့အထိ၊ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)