မင်းဘူး မေ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာ အောင်သင်းရေးသားထားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းအား ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community )ခန်းမ၌ကျင်းပသည်။
စာဖတ်ဝိုင်းတွင် မင်းဘူးခရိုင်ပြည်သူ့ဆက်ဆံရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဦးကျော်စိန်ဝင်း၊ ဆရာဦးဌေးလွင်၊ ဆရာဦးဆန်းဝင်း၊ ဆရာမဒေါ်မိုးဆွေတို့က စာရေးဆရာ အောင်သင်ရေးသားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်ထဲမှ ဘဝသင်ခန်းစာ၊ စာဖတ်ခြင်းမှရရှိလာသည့်အကျိုးခံစားမှု၊ စာဖတ်ခြင်းဖြင့် သက်ရှည်ကျန်းမာစိတ်ချမ်းသာမှုရရှိခြင်း၊ အသိဉာဏ်ပညာထက်မြက်ခြင်း၊ ကိုယ်ကျင့်သိက္ခာကောင်းခြင်း၊ ထို့အပြင် လူငယ်မောင်မယ်တို့ စာဖတ်ကြစေရန်လမ်းပြပေးရမည်ဖြစ်ပြီး၊ အလွယ်တကူစာဖတ်နိုင်ရန်လည်း စာအုပ်များရှိနေအောင် ဖန်တီးကြရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များကလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။
ဦးဝင်းနိုင်