ကျွန်းစု မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) များအား မေ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ညောင်ဘီးကျေးရွာအုပ်စု၊ ပဲယာကျေးရွာရှိ တောင်သူများထံ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက နိုင်ငံတော်အစိုးရက တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် အာဟာရပြည့်ဝသော စားရေးရိက္ခာများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ဒေသခံတောင်သူများအနေဖြင့် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုက်နာရမည့် နည်းလမ်းများအား သိရှိလိုက်နာမည်ဆိုပါက သီးနှံများအထွက်တိုးပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်စိုး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဦးချစ်ဝင်းကိုတို့က သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မြေပြုပြင်ခြင်းနှင့် မြေများတွင်ပါဝင်သော အာဟာရဓာတ်များကို စစ်ဆေးခြင်း၊ စနစ်တကျရေပေးခြင်းနှင့် သွင်းရေတွင်ပါဝင်သော အာဟာရဓာတ်များကို စစ်ဆေးခြင်း၊ အထွက်တိုးနည်းပညာများကို လိုက်နာခြင်းနှင့် စသည်တို့ကို ပညာပေးပြောကြားခဲ့ပြီး မိုးစပါး သီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက တောင်သူများအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)