ချောက် မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းတက်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနေအိမ်တွင် ကျင်းပခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးအသိပညာဟောပြောပွဲတွင် ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့်ဝန်ထမ်းများက အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဖက်အသုံးပြုရေး၊ သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်သည့်နည်းလမ်းများ လိုက်နာကျင့်သုံးရေး၊ ပိုးသတ်ဆေးများ လျှော့ချအသုံးပြုရန်အတွက် သဘာဝပိုးသတ်ဆေးများ ဖော်စပ်အသုံးပြုရန်နှင့် စနစ်တကျသုံးစွဲတတ်ရေး၊ စိုက်ပျိုးရေးတောင်သူများ ငါးအမိုင်နိုများ ပြုလုပ်သုံးစွဲရေး၊ သဘာဝမြေဆွေးပြုလုပ်သုံးစွဲတတ်စေရေးတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ဟောပြောပွဲသို့ တောင်သူ(၄၂)ဦးတက်ရောက်၍ စိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)