ကော့သောင်းမြို့၌ အသက်(၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကော့သောင်း မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေလ (၂၃) ရက်နေ့ မွန်းလွဲပိုင်းက နဝရတ် အားကစားခန်းမတွင် ကျင်းပသည်။

ဦးစွာ Polairs အသင်းနှင့် ဆယ်မိုင်အသင်း၊ ဖိုးရှမ်းအသင်းနှင့် Red Drivel အသင်းတို့က အကြိုဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကြရာ Polairs အသင်းနှင့် Red Drivel အသင်းတို့က ဗိုလ်လုပွဲတက်ရောက်သည်။ ထို့နောက် အသက် (၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ Polairs အသင်းက အနိုင်ရရှိခဲ့သည်။

ယင်းနောက်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမင်းသန့်ဇင်က ဒုတိယဆုရရှိသော Red Drivel အသင်းကစားသမားများအား လည်ဆွဲဆုနှင့်ငွေသားဆုချီးမြှင့်သည်။ ယင်းနောက်တာဝန်ရှိသူများက အကောင်းဆုံးကစားသမားဆုများအားချီးမြှင့်ရာ ဆယ်မအကောင်းဆုံးဆုအား Red Drivel အသင်းမှ စိုးမိုးအောင်မှလည်းကောင်း၊ ပစ်ထောင်အကောင်းဆုံးဆုကို Polairs အသင်းမှ ဇော်ဖြိုးပိုင်မှလည်းကောင်း၊ ခုတ်ရိုက်အကောင်းဆုံးဆုကို Polairs အသင်းမှ စောအေးမင်းသန့် တို့ကရရှိကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦးက ပထမဆုရရှိသော Polairs အသင်းကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)