ကြံခင်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်တတ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အသိပညာပေးလုပ်ငန်းများနှင့် ဉာဏပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဧရာတီတိုင်းဒေသကြီး(တာဝန်ခံ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်ဆန်းဝင်းက လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့များနှင့် အသင်းအဖွဲ့များက ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA) မှ ဧရာတီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းအချို့အား ယမန်နှစ်က ကျောပိုးအိတ်၊ ခဲတံများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ယခင်နှစ်တွင် လူရည်ချွန်(၅)ဦးအား သင့်တင့်သောငွေကြေးပမာဏများဖြင့် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထိုဆုများရရှိအောင် သားငယ်၊ သမီးငယ်များက ကြိုးစားသွားကြရန်ပြောကြားပြီး၊ အ.မ.က (သမ္ဘရာအင်းလေး) မူလတန်းပြဆရာ ဦးသိန်းဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် “မူးယစ်ရန်စွယ်တို့ကာကွယ်” မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)