ချောက် မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာအုပ်စု၊ ချောင်းတက်ကျေးရွာတွင် ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျွဲ၊ နွားပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လောဟာ ခွီရှိန်း ဦးဆောင်ပြီး ဝန်ထမ်းများက ချောင်းတက်ကျေးရွာရှိ ကျွဲ၊ နွား မွေးမြူသူ တောင်သူများအား ဌာနက ရက်(၁၀၀)စီမံချက်ဖြင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအကြောင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အကြောင်းများ အသိပညာပေးဟောပြောခြင်းနှင့် မွေးမြူရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းများ ဆောင်ရွက်သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ချောင်းတက်ကျေးရွာအတွင်းရှိ တောင်သူ(၁၁၀)ဦး မွေးမြူထားရှိသည် နွားကောင်ရေ (၁၉၆) ကောင်အား ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)