ဟင်္သာတ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပို့ချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန် တို့က အသီးသီးအဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့များ၏ ခန့်အပ်လွှာများ ပေးအပ်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့ ကိုယ်စားလှယ်များမှ အသီးသီး လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းအား ဒူးယားမြို့အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆွေဇင်ဝင်းတို့မှ သင်တန်းနည်းပြများအဖြစ်ဆောင်ရွက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်နိုင်ရေး ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေများ၊ ပြင်ဆင်သည့် နည်းဥပဒေများအားလည်းကောင်း ကြီးကြပ်ရေးအဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းများအားလည်းကောင်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃၂ အုပ်စုတို့မှ ကြီးကြပ်ရေးမှူး ၆၆၀ ဦးတို့များအား ဆွေးနွေးပို့ချပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)