ပြည် မေ ၂၄
ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ကြီးမှူးကျင်းပသော “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ” အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင် တရားရုံး၌ ကျင်းပပြုလုပ်သည်။
ထို့နောက် ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါက်တာ ဇော်ဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ဌေးဌေးမော်က စေ့စပ်ဖြေရှင်းရေးဌာနသို့ပေးပို့ရန် သတ်မှတ်ထားသော အမှုအမျိုးအစားများ၊ စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ရန်မသင့်သော အမှုအမျိုးအစားများ၊ စေ့စပ်ဖြေရှင်းရေး၏ အားသာချက်များအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန္ဒာသိန်းက “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အကြောင်း” ကိုလည်းကောင်း၊ စေ့စပ်ဖြေရှင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူဖြူက “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ၏ ကျင့်ဝတ်များအကြောင်း” ကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ် အသီးသီးရှိ တရားလွှတ်တော်ရှေ့နေ (၄၇)ဦး၊ အထက်တန်းရှေ့နေ(၃)ဦးစုစုပေါင်း (၅၀) ဦး တို့တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါက်တာ ဇော်ဝင်းထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝဏ္ဏထွန်း( ပြန်/ဆက်)