ကန်ကြီးထောင့် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သောင်ကြီးကျေးရွာအုပ်စု၊ အညာစုကျေးရွာရှိ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းအား ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သောင်ကြီးကျေးရွာအုပ်စု၊ အညာစုကျေးရွာရှိ ဦးအောင်ဇော်ဦး၏ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အဆောက်အဦးအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် လုပ်ငန်းရှင်က ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်းအား ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဇီဝဇိုးငှက် မွေးမြူထားရှိမှု ကောင်ရေ ၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ လက်ရှိထုတ်လုပ်မှု စျေးကွက်တွင် တင်ပို့ရောင်းချမှုမရှိသေးကြောင်း ရှင်းလင်းတင်ပြခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)