ဓနုဖြူမြို့နယ်၌ ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

ဓနုဖြူ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဆကာကြီးတိုက်နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက ရက် (၁၀၀) ကာလအတွင်း မှုခင်းကျဆင်းရေးနှင့် ရဲတပ်ဖွဲ့ဆောင်ရွက်ရမည့် အစီအမံအား ပြည်သူများအား ရှင်းလင်း ဟောပြောခဲ့သည်။ ထို့နောက် ဆကာကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် အေးကိုက လူသတ်မှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများအား အသိပညာပေးဟောပြောပြီး၊ ဆကာကြီးနယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ကျော်လင်းဗိုလ်က ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျေးရွာအုပ်စုအတွင်းရှိ ရပ်မိရပ်ဖများနှင့် ကျေးရွာနေ ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်