အထက်မင်းလှ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သဖန်းချောင်း ကျေးရွာတွင် မင်းဘူးမြို့ ပြည်သူ့ဆေးရုံ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ အတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ်စစ်ဆေး ဆောင်ရွက်ခြင်းကို မေလ (၂၂) ရက်နေ့နံနက်က သဖန်းချောင်းကျေးရွာ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းဘူးမြို့ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနမှ မျက်စိအထူးကုဆရာဝန်ကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် မင်းဘူးမြို့ မျက်ခမ်းစပ်ဌာနမှ ဆရာ၊ ဆရာမများအဖွဲ့နှင့် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စန်းစန်းမိုးနှင့် ဝန်ထမ်းများက သဖန်းချောင်း ကျေးရွာနေ အသက်(၄၀)နှစ်အထက် ပြည်သူ(၁၂၅)ဦးအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ အတွင်းတိမ်နှင့်မျက်စိရောဂါ အခမဲ့စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပေးခဲ့ရာ အတွင်းတိမ် လူနာ(၁၉)ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး မျက်မှန်လိုအပ်သောလူနာ (၁၆) ဦးတွေ့ရှိသည်။ အဆိုပါ အတွင်းတိမ် တွေ့ရှိသူ(၁၉)ဦးအား မင်းဘူးမြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆက်လက်၍ အတွင်းတိမ်အခမဲ့ ထပ်မံစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် အတွင်းတိမ်နှင့်မျက်စိရောဂါ အခမဲ့စမ်းသပ်စစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်ကြေခြေနီအသင်းတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)