လပွတ္တာ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ရပ်/ကျေး အုပ်/မှူးများအား ဥပဒေ/နည်းဥပဒေများနှင့်အညီ အဂတိတရား ကင်းစွာဖြင့် ပြန်လည်ရွေးချယ် ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် တာဝန်ယူဆောင်ရွက်ကြမည့် ရပ်/ကျေး ကြီးကြပ်ရေးအဖွဲ့များအား ရပ်/ကျေး ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူး တင်မောင်သက်နှင့် အဖွဲ့ဝင် ဦးနိုင်ဦးတို့မှ ရွေးချယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်ရေးအဖွဲ့ တာဝန်ပေး ဖွဲ့စည်းမိန့်များအား ပေးအပ်ခြင်း၊ မြို့နယ်ထွေအုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထူးနှင့် ဒုတိယ ဦးစီးမှူးများမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သင်တန်းပို့ချသည်။
လပွတ္တာမြို့နယ်၌ ရပ်ကွက် (၁၇) ရပ်ကွက်၊ ကျေးရွာအုပ်စု( ၆၅) အုပ်စုတို့မှ ကြီးကြပ်ရေးအဖွဲ့(၄၁၀)ဦး တက်ရောက်ခဲ့ပြီး၊ သိရှိလိုသည်များ မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)