ပေါက်ခေါင်း မေ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့မအုပ်စု၊ အမှတ်(၃) ရပ်ကွက်၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းလင်းအေးနှင့် ဝန်ထမ်းများက EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲခြင်းကြောင့် လယ်ယာမြေများ၏ မြေဆီသြဇာဓာတ်နှင့် မြေဆီလွှာဖွဲ့စည်းမှုများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းထားနိုင်ခြင်းနှင့် တိုးတက်အောင်ပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်း၊ ဓာတ်မြေသြဇာလိုအပ်ချက်ကို အတတ်နိုင်ဆုံး မှီခိုသုံးစွဲရမှုလျော့နည်းလာခြင်း၊ မြေသားတည်ဆောက်မှုကောင်းခြင်း၊ ရေနှင့်အာဟာရဓာတ်ကိုကောင်းမွန်စွာထိန်းထားနိုင်ခြင်း၊ သီးနှံပင်များ၏ ပင်ကြွင်းပင်ကျန်များဖြင့် သဘာ၀မြေသြဇာပြုလုပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ သဘာ၀ဖြင့်ပြုလုပ်ထားသော မြေသြဇာဖြစ်သောကြောင့် လူသားများ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကာ EM ဘိုကာရှိ သဘာဝမြေဩဇာပြုလုပ်နည်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)