မုံရွာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ဟုမ္မလင်းမြို့သည် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးမြေလုံလောက်စွာရှိပြီး ချင်းတွင်းမြစ်မှ ရေလိုသလောက်ရရှိပါကြောင်းနှင့် ရေခံမြေခံကောင်းသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ စပါးနှင့် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်းတို့ကို ပန်းတိုင်အထွက်နှုန်းရရှိအောင် မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်မှန်စွာ စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း MSME လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ လုပ်ငန်းများတိုးချဲ့နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ စနစ်တကျထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ယခုလို တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများ ကုန်ပစ္စည်းတိုးတက်ထုတ်လုပ်နိုင်စေရန်နှင့် အခက်အခဲများရှိပါက ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများထံ မျိုးကောင်းစပါးများနှင့် နေကြာမျိုးစေ့များအား ပေးအပ်ကြသည်။
ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ အတန်းစဉ်ကူးပြောင်းမှု စနစ်တကျကူးပြောင်းရေးနှင့် ပညာရေးစနစ် တိုးတက်မြင့်မားရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းကာ အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကြာမီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါ၍ မိမိတို့၏ကျောင်းများအား ကျောင်းဖွင့်အမှီ ဥပတိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်ရေးနှင့် သတ်မှတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရေးနှင့် ကျောင်းအပ်လက်ခံရေးတို့အား စည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)