ဖာပွန်မြို့တွင် မြို့မအားကစားကွင်း အတွင်းခြံစည်းရိုး ကာရံခြင်းအတွက် ပန္နက်တင် အခမ်းအနားကျင်းပ

ဖာပွန် ဇန်နဝါရီ ၁၉

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့် မြို့မအားကစားကွင်း အတွင်းခြံစည်းရိုး ကာရံခြင်းအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီ မိနစ်(၂၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအေးနှင့် တာဝန်ရှိသူများက မြို့မအားကစားကွင်း အတွင်းခြံစည်းရိုး ကာရံခြင်းအတွက် မင်္ဂလာပန္နက်တင်ခြင်း၊ အောင်သပြေဖြင့် အမွှေးနံ့သာပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့မအားကစားကွင်း အတွင်းခြံစည်းရိုး ကာရံခြင်းအတွက် အလျား(၁၆၅၀)ပေ၊ အမြင့်(၆) ပေအား ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ (၂၇.၂၃၀)ဖြင့် တြိထူး ကုမ္ပဏီလီမိတက်က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)