ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရန် အစီအစဉ်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြ

ပုသိမ် မေ ၂၄

Strategy Win Trading ကုမ္ပဏီလီမိတက်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရန် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို မေလ ၂၂ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 ဉီးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် Strategy Win Trading ကုမ္ပဏီနှင့် AEG ကုမ္ပဏီတို့ ပူးပေါင်းပြီး ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံတန်ချိန် (၁၈၀၀) တိုက်ရိုက်တင်ပို့မည့်အစီအစဉ်များနှင့်  ဖိလစ်ပိုင်နိုင်ငံသို့ ပုသိမ်စက်မှုဆိပ်ကမ်းမှ ဆန်များတိုက်ရိုက် တင်ပို့မည့်အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဘဏ္ဍာနှစ်အလိုက် ပြောင်းတင်ပို့မှုအခြေအနေများကို ရှင်းလင်းတင်ပြမှုများနှင့် ဌာနဆိုင်ရာများ၊ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပုသိမ်စက်မှုဆိပ်ကမ်းမှတစ်ဆင့် တိုင်းဒေသကြီး၏ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအပြင် ပြည်ပမှကုန်များကိုလည်း တိုင်းဒေသကြီးအတွင်း ပြန်လည်တင်သွင်းနိုင်ရေး ရည်မှန်းချက်ထားရှိပါကြောင်းနှင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း တိုင်းဒေသကြီးပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းလိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)