လွိုင်ကော် မေ ၂၄
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သန့်ရှင်းသာယာရေးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆောက်အအုံများ ပြုပြင်နိုင်ရေးဆောင်ရွက်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဖွင့်ချိန်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဆရာဆရာမများက ကျောင်းဝန်းအတွင်း လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုကို ကြည့်ရှုအားပေးပြီး စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအပ်နှံရေး ရက်သတ္တပတ်တွင် ကျောင်းအပ် လက်ခံနိုင်ရေးစနစ်တကျ ဆောင်ရွက်သွားရန်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ ပေးနိုင်ရေး ပြင်ဆင်ထားရှိရန်၊ ကျောင်းဖွင့်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်အတွင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေကို ကြည့်ရှုအားပေးကာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဝင်းအတွင်းရှိ ထမင်းစားဆောင်၊ စာကြည့်တိုက်၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်းနှင့် စုပေါင်းခန်းမတို့ကို သွားရောက်ကြည့်ရှုပြီး သင်တန်းသူများ၏ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးနှင့် ပညာသင်ကြားရေးကိစ္စများတွင် အဆင်ပြေချောမွေ့မှုရှိစေရေး စနစ်တကျ စီမံသွားရန်၊ စာကြည့်တိုက်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်းများတွင် ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရန်၊ သင်တန်းကျောင်းပတ်ဝန်းကျင် သာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် သိပ္ပံကျောင်းဆိုင်းဘုတ်အသစ်ကို သတ်မှတ်ပေးထားသည့် ပုံစံအတိုင်း အချိန်မီပြီးစီးအောင် တည်ဆောက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်မီရေး သတ်မှတ်ကာလအတွင်း ပြီးစီးရေးကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)