စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဌာနကျောင်း ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း

မုံရွာ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မေလ ၂၂ ရက်၊ နံနက်ပိုင်းတွင် လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဌာနကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့ရှိ တစ်ပိုင်တစ်နိုင် နွားနောက်မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက မြေနိမ့်ကော်ဖီပင်များ ပျိုးထောင်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ဌာနလုပ်ငန်းများအား တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားရေး၊ ပြည်သူများနှင့်လုပ်ငန်းများ ထိတွေ့လုပ်ကိုင်ဆောင်ရွက်သည့်အခါ အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားရေး၊ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း မြို့အားပိုမိုဖွံ့ဖြိုးတိုးတက်အောင်နှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအား ပိုမိုအောင်မြင်အောင် မြို့နေပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု ရာခိုင်နှုန်းပြည့်မီစွာဖြင့် ဆောင်ရွက်သွားရေးနှင့် တန်းစဉ်ကူးပြောင်းမှု စနစ်တကျရှိစေရေးတို့အတွက် တာဝန်ရှိသူအားလုံးမှ အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ နောင်ဖွတ်မော် စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်အသင်းသား ဦးလင်းထိုက်စိုး မွေးမြူထားရှိသည့် အသားတိုးကြက်နှင့် ဒေသဝက်/ကြက်များ မွေးမြူထားရှိမှု အားသွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)