ခန္တီးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ပိုစတာပြိုင်ပွဲပြုလုပ်

ခန္တီး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အ.ထ.က(ခန္တီး)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပန်းချီပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁၇)ဦး၊ ပိုစတာပြိုင်ပွဲတွင် အလယ်တန်း၊ မူလတန်းအဆင့် (၄)ဦးတို့က "မူးယစ်ကင်းစင်ဒို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ"၊ "လွယ်လွယ်နဲ့ရ သုံးစွဲကြမူးယစ်သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ"၊ " မူးယစ်ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြလုံခြုံလှ"၊ "နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကိုအမြစ်ဖြတ်စို့"၊ "ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကိုတိုက်ဖျက်စို့"၊ "အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့" စသည့်ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြရာ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲတွင်ဆုရရှိသူများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ထက်/ လယ်/ မူခွဲ၍ ပထမ၊ ဒုတိယ၊ တတိယ ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)