ကလိန်အောင် မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးမှတ်တမ်းတင်ဗီဒီယိုများကို ပရိုဂျက်တာဖြင့်ပြသပြီး တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးမှ စီမံကိန်းဦးစီးအရာရှိ ဦးချမ်းငြိမ်းက ဇိဝမျိုးစုံမျိုးကွဲအကြောင်း၊ မြန်မာနိုင်ငံ၏ ကြွယ်ဝသောဇီဝမျိုးစုံမျိုးကွဲများနှင့် ဇီဝမျိုးစုံမျိုးကွဲများကပံ့ပိုးသော အကျိုးကျေးဇူးများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပျောက်ကွဲခြင်းနှင့် အကျိုးဆက်များအကြောင်းစသည့်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ တိုးချဲ့ပညာပေး ဒေါ်ငုဝါအောင်က ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးကြီးပုံအကြောင်း၊ လူသားတို့အတွက် အကျိုးးကျေးဇူးများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်ရသည့်အကြောင်းအရင်းများ၊ ဇီဝမျိုးစုံမျိုးကွဲများကို ဘယ်လိုထိန်းသိမ်းမလဲစသည့်အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများတို့ကို ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်ပြီး အမေးအဖြေမေးခွန်းများအား မေးမြန်းရာ ဖြေဆိုနိုင်သူများအား ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးမှ စီမံကိန်းဦးစီးအရာရှိ ဦးချမ်းငြိမ်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးမှ စီမံကိန်းဦးစီးအရာရှိ ဦးချမ်းငြိမ်းနှင့် ဝန်ထမ်းများ၊ မိကျောင်းလှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)