ထားဝယ် မေ ၂၂
တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ/ပိုစတာပြိုင်ပွဲကို ယနေ့နက်ပိုင်းက ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲ၌ကျောင်းသား/ကျောင်းသူများ၏ စိတ်ပါဝင်စားစွာဝင်ရောက်ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများ ပိုမိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ပြိုင်ပွဲတွင်အခြေခံပညာကျောင်းပေါင်းစုံမှကျောင်းသား/ကျောင်းသူများက “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့်စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၁၇)ဦး၊ အလယ်တန်းအဆင့် (၁၆) ဦး၊ စုစုပေါင်း (၃၃) ဦး၊ ပန်းချီ/ ပိုစတာပြိုင်ပွဲတွင် အထက်တန်းအဆင့် (၉) ဦး၊ အလယ်တန်းအဆင့် (၁၈) ဦး စုစုပေါင်း (၂၇) ဦး ဝင်ရောက်ယှဉ်ပြိုင်သည်။
ထိုသို့ ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ဘောပင်၊ ပန်းချီရောင်ခြယ်ဆေးဖယောင်းများ၊ လက်ကမ်းစာစောင်များ၊ အာဟာရဖြည့်မုန့်နှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)