မုံရွာ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မေလ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် ထမံသီ-လေရှီး-ဆွမ္ပရာ-ပန်ဆက်ကားလမ်း မိုင်တိုင်အမှတ် - ၃၄/၃၅ ကြားရှိ မြေထိန်းနံရံပြိုကျပျက်စီးကာ ပြန်လည်ရှင်းလင်းဖယ်ရှားပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ စိုက်ပျိုး၊ မွေးမြူရေးတောင်သူများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများ နှင့်ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ နာဂဒေသအနေဖြင့် မိမိဒေသအတွင်းရှိပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ကုန်းမြင့်လယ်ယာစနစ်ဖြင့် ဒေသဆန်ဖူလုံရေး စပါးစိုက်ပျိုးရန်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် ဒေသနှင့်ကိုက်ညီမည့် နှစ်ရှည်သီးနှံ ကော်ဖီ၊ လက်ဘက်၊ ထောပတ်ပင်များ စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက်ကြသွားရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်ကျေပွန်ရန်နှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထားကာ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေးနှင့် ပညာတတ်များပေါ်ထွန်းလာစေရေးအတွက် တာဝန်ရှိသူအားလုံးမှ အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ စိုက်ပျိုး၊မွေးမြူရေး တောင်သူများနှင့် MSME လုပ်ငန်းရှင်များက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းအခြေအနများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်းကျင်းပြ သထားသည့် လေရှီးမြို့နယ်၏ MSME လုပ်ငန်း ဒေသထွက်ကုန်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး တွေ့ဆုံပွဲသို့အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းရှိ သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ လက်မှုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ရေဒေါင်ကျေးရွာရှိ လှေကားထစ်စိုက်ခင်းအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)