ကယားပြည်နယ်ဝန်ကြီးချုပ် အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

လွိုင်ကော် မေ ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရေးအတွက် ဒေသတွင်းအားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်းဖူဆယ်အားကစားရုံ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ယခုပြိုင်ပွဲကို ပြည်နယ်၏ ဖူဆယ်ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ သွေးသစ်လူငယ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးနှင့် လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများကိုကျင်းပပေးခြင်းသည် လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ မူးယစ်ဆေးဝါးနှင့် လူမှုရေးဆိုင်ရာမကောင်းမှုများမှ ကင်းဝေးရန်နှင့် ကျန်းမာပျော်ရွှင်သည့် နေ့စဉ်လူငယ်ဘဝတည်ဆောက်နိုင်ရန်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှ ပြည်နယ်လက်ရွေးစင်အသင်းအတွက် အရည်အချင်းပြည့်ဝသည့် အားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများက ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့် အစွမ်းကုန်ယှဉ်ပြိုင်ကစားကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားသမားကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ဆက်လက်၍ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့က ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ဘင်ခရာအဖွဲ့အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် လောဓမ္မရပ်ကွက် (ခ) အသင်းနှင့် Team Generation အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးရာ လောဓမ္မရပ်ကွက် (ခ) အသင်းက Team Generation အသင်းကို ခြောက်ဂိုး သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၆) သင်း၊ အားကစားသမား (၁၉၂) ဦး ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် လွိုင်ကော်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၅၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)