ကျောင်းကုန်းမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

ကျောင်းကုန်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့ထိပ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် ဆောင်ပုဒ်မှာ "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဟု တိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ် အနေဖြင့် မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားသည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်နှင့် ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ ဆိုင်းဘုတ်အား တာဝန်ရှိသူများက အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့‌ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)