ထန်းတပင်မြို့နယ် အ.ထ.က (ထန်းတပင်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ထန်းတပင် မေ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးလူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က ( ထန်းတပင်) ကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတများ တိုးတက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် စေ့စပ်ညှိနှိုင်းသူအဖြစ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇာဏီမောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်တို့က ဦးဆောင်သူအဖြစ်ပါဝင်ပြီး ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ရာ လူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့် Grade -12 မှ မချိုချိုလင်းနိုင်ကလည်းကောင်း လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့် Grade - 11 မှ မောင် ဟိန်းတေဇကလည်းကောင်း လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဥ်ဖြင့် Grade- 11မှ မောင်နေလှိုင်းဇော်ချိုကလည်းကောင်း လူငယ်နှင့်စည်းကမ်းခေါင်းစဥ်ဖြင့် Grade -11 မှ မခင်ချမ်းမြေ့ထွန်းကလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပြောကြားမှုအကြောင်းအရာများအပေါ် သိရှိလိုသည့် မေးခွန်းများကို ကျောင်းသား ကျောင်းသူများက မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းဝင်များ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်များကို ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)