ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေးပါဝင်လှုံ့ဆော်

ဘားအံ မေ ၂၂

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ မေ ၂၂ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီရိဈေးအတွင်း ဈေးရောင်းချနေသူများ၊ လာရောက်ဈေးဝယ်နေသူများအား ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာများ၊ အခမဲ့ထောက်ပံ့မှုများ၊ သိရှိလိုက်နာရမည့်အချက်များ၊ မိဘ၊အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ ပါဝင်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေးနှိုးဆော်လွှာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါဈေးရှေ့တွင် ဖြတ်သန်းသွားလာနေကြသော ရပ်ကွက်နေပြည်သူများအားလည်း လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် ပညာရေးဌာနနှင့်အတူ နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား မိဘနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာမများက ရပ်ကွက်၊ကျေးရွာများရှိ လူစည်ကားရာ ဈေးများ၊ ယာဉ်ရပ်နားစခန်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိပြီး မေ ၂၄ ရက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း(Main Course) သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၂ ရက် နံနက် ၈ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်တန်းသည် အတန်းသင်ဘာသာရပ်များတွင်လည်း လက်တွေ့အသုံးချနိုင်သကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း အခြေခံကောင်းများရရှိလာနိုင်မည် ဖြစ်ကာ ပြည်နယ်၏ပညာရေးတိုးတက်စေရေး၊ ထူးချွန်သောလူငယ်များပေါ်ထွက်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စည်းကမ်းပြည့်ဝသော သားကောင်း၊သမီးကောင်းများပေါ်ထွက်စေရေးအတွက် ကြိုးစား သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် ၈၅၀၀၀၀ဝ  ကို ချီးမြှင့်ပေးအပ်ပြီး သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသား၊သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊သင်တန်းသူများက We Are The World သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ သင်တန်းသား၊သင်တန်းသူ၊ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)