မင်းဘူး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ (၁၂) လမ်းကို ယမန်နေ့မနက် ၈ နာရီအချိန်က ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၄၀.၀၀ သိန်းဖြင့်၊ အရှည် ၇၀၀ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၉ လက်မဖြင့် KO MOE (MDY) Co,Ltd သည် ၂၀၂၁ ဇန်နဝါရီလ ၁၈ ရက်မှစတင်ကာ လုပ်ဆောင်လျက်ရှိသည်။
မင်းဘူးမြို့နယ် အနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်း အပါအဝင် အခြားလုပ်ငန်းအချို့ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အေးသန္တမိုးက ပြောသည်။
အဆိုပါ အမှတ် (၃) ရပ်ကွက်မှ (၁၂) လမ်းသည် မိုးတွင်းကာလတွင် ရွံ့ဗွက်ထူထပ်ခြင်းကြောင့် ဆိုင်ကယ်နှင့် ကားများ သွားလာရန် ခက်ခဲပြီး ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးပါက အမှတ် (၃) ရပ်ကွက်မှ ပြည်သူများ သွားရေးလာရေး လွယ်ကူစွာ သွားလာနိုင်တော့ မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇေယျာထက် (မင်းဘူး)