မုံရွာ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၅)မူးယစ်တပ်ဖွဲ့ခွဲ(မုံရွာ)နှင့် တိုင်းဒေသကြီး ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး (၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသောင်းနိုင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဥ်ပြိုင်နေသော ကျောင်းသားကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ (၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် မုံရွာမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၃ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲမျာအလိုက် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများကို လာမည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၅) မူးယစ်တပ်ဖွဲ့ခွဲ(မုံရွာ)မှ သိရသည်။
ခရိုင်(ပြန်/ဆက်)