ကမမောင်း မေ ၂၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရေဘေးအပါအဝင်အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ အထိအခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေး၊ ပြည်သူများ အသိ/သတိရှိကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက သံလွင်ဦးမြို့မဈေးရှေ့ စက်လှေဆိပ်၌ ရေပြင် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သဏ္ဍာန်တူသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က သရုပ်ပြပွဲအခမ်းအနားသို့ တတ်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပြည်သူများအား မိုးတွင်းကာလ ရေကြီးရေလျှံမှုဖြစ်ပွားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ သံလွင်မြစ်ကြောင်းတစ်လျှောက် ကူးသန်းသွားလာနေသော ခရီးသည်များနှင့် စက်လှေမောင်းနှင်သူများအား Life Jecket များဝတ်ဆင်ပြီးမှ သွားလာကြရန်နှင့် မီးလောင်လွယ်သောပစ္စည်းများ သယ်ယူခြင်းကြောင့် မီးလောင်မှုဖြစ်ပွားနိုင်ခြင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော ရာသီဥတု သတိပေးချက်များကို အလေးထားဂရုစိုက် လိုက်နာကြရန် အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊ ရှာဖွေကယ်ဆယ်ရေး စက်လှေ(၅)စီးဖြင့် သံလွင်မြစ်အတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ရေနစ်မြုပ်သူနှင့် ဒဏ်ရာရရှိသော လူနာများ၊ အရေးပေါ်လူနာများအား သက်ဆိုင်ရာကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှူရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် နီးစပ်ရာဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်လေ့ကျင့်ခြင်းစသည့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး အဆိုပါ သရုပ်ပြပွဲသို့ ဖာပွန်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်၊ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် လူမှူရေးအသင်းအဖွဲ့များ တတ်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)