မင်းဘူးမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်းဘူး မေ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးထွန်းအောင်ကျော်က ပြည်တွင်းအခွန်များဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များစသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားကာ အခွန်ထမ်းလုပ်ငန်းရှင်များ၏ သိရှိလိုသော မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် မြို့နယ်အခွန်ဦးစီး ဌာနမှ ဝန်ထမ်းများက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)