ညောင်တုန်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း(၆၁)ဦး ပါဝင်သည့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ငှက်ပျောကျွန်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ငှက်ပျောကျွန်းတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရောဂါ(၁၄၆)ဦး၊ ခွဲစိတ်ရောဂါ(၅၂)ဦး၊ ကလေးရောဂါ(၄၀)ဦး၊ အကြောအဆစ်ရောဂါ(၄၇)ဦး၊ မျက်စိရောဂါ(၁၂၂)ဦး၊ သွားနှင့်ခံတွင်းရောဂါ(၅၂)ဦး၊ သားဖွားမီးယပ် ရောဂါ(၃၉)ဦး၊ စိတ်ကျန်းမာရေး(၇)ဦး၊ တီဗွီဓါတ်မှန်ရိုက်လူနာ(၇၁)ဦး၊ အရိုးရောဂါ(၈၇)ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၆၆၃)ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့၀င်များ၊ မအူပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(PR) ဒေါ်သူဇာသန်းမြင့်၊ ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြသန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ ညောင်တုန်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာရန်နိုင်ဆွေတို့မှ လိုက်လံကြည့်ရှုအားပေးပြီး၊ ညောင်တုန်းမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်ဆက်)