မအူပင်မြို့နယ်၊ ရွှေတောင်မှော်နယ်မြေစခန်းအပိုင်အတွင်း ရက် (၁၀၀) စီမံချက် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော် နယ်မြေစခန်းအပိုင်အတွင်း ရက် (၁၀၀) စီမံချက် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၉) နာရီက တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွဆိုင်ကျေးရွာ၊ ရတနာပုံဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပပြုလုပ်သည်။

ဦးစွာမအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်မှ ရက် (၁၀၀) စီမံချက်နှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ အရေးကြီးအမှုကြီး (၄) မျိုးဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတို့နှင့်ပတ်သက်သည့်ကိစ္စရပ်များအား ရှင်းလင်းဟောပြောပြီး၊ မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းမြတ်စောဝင်းမှ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုကိစ္စရပ်များအား ချပြရှင်းလင်းဟောပြောသည်။

ဆက်လက်၍ အမှတ် (၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုရဲမှူး မိုးမြင့်ကိုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပြီး ရွှေတောင်မှော်နယ်မြေရဲစခန်း ခေတ္တစခန်းမှူး ဒုရဲအုပ်ထက်နိုင်အောင်မှ မပေါ်ပေါက်သေးသောအမှုများမှ တရားခံများနှင့် ပတ်သက်၍ ချပြရှင်းလင်းသည်။ ယင်းနောက် တပ်ဖွဲ့ဝင်များမှ တက်ရောက်လာသည့် ဒေသခံပြည်သူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မင်းမြတ်စောဝင်း၊ အမှတ် (၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူး မိုးမြင့်ကို၊ ရွှေတောင်မှော်နယ်မြေရဲစခန်း ခေတ္တစခန်းမှူး ဒုရဲအုပ်ထက်နိုင်အောင်၊ တော်တလုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်