ငဖဲမြို့နယ်၌  စာအုပ်စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ မေ ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဉမ္မာကျော်က လစဉ်ပုံမှန်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စာရေးဆရာမ ခင်စောတင့်ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်တွင်ပါဝင်သည့် ရွေ့လျားစက်လှေကားပေါ်မှ သူစိမ်းစာစုပါ သက်ကြီးရွယ်အိုများ၊ ဒုက္ခရောက်နေသူများ စသည်တို့ကို ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ဆိုသလို လူတစ်ဖက်သားကို ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့ လူတိုင်းကိုယ်စီအသိတရားထားနိုင်ကြရင် အကောင်းဆုံးဖြစ်ကြောင်း၊ မွေးမေမေနဲ့ကျွေးမေမေ စာစုပါ မိဘ၏သားသမီး အပေါ်ထားသည့် မေတ္တာတရားနှင့် မွေးဖွားပေးရုံသက်သက်ဖြင့် မိခင်ကောင်းတစ်ယောက်ဖြစ်မလာသေးဘဲ နှစ်ပေါင်းများစွာ ကလေးကို မေတ္တာနဲ့ဂရုဏာ ထားနိုင်မှသာ မိခင်ကောင်းဟုခေါ်ဆိုနိုင်မည်ဖြစ်ကြောင်းဆွေးနွေးသည်။

ထို့နောက်  Book Club အဖွဲ့ဝင် ဒေါ်ဝါဝါထိုက်က အလုပ်အကိုင်အခွင့်အလမ်း ၊အသိပညာနဲ့ အတတ်ပညာတွေသည် မိမိတို့လက်တစ်ကမ်းမှာ၊ ပတ်ဝန်းကျင်းနေရာအနှံ့အပြားမှာတွေ့ရှိရယူနိုင်ကြောင်း၊ မိမိကိုယ်တိုင်က ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်နိုင်သရွေ့ အောင်မြင်မှုအသီးအပွင့်တွေကို ခူးဆွတ်ရယူခံစားနိုင်မှာ ဖြစ်ကြောင်း  စသည်တို့ကို  အဖွဲ့ဝင်များနှင့် စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)