ကြံခင်း မေ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ဆုံလဲကျေးရွာ အုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၌ မေ ၂၀ ရက်နေ့က တွင်းနက်ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါကျေးရွာ၌ တိုင်းဒေသကြီးဦးစီးမှူးက ရွာသစ်ကုန်းကျေးရွာသူ/ ကျေးရွာသားများ၊ ကျေးရွာရေကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်သဖြင့် တန်ဖိုးထားရန်၊ စနစ်တကျအကျိုးရှိစွာအသုံးပြုရန်နှင့် လည်ပတ်ပြုပြင်ထိန်းသိမ်းခြင်းများအား ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွင်းနက်ဆက်စပ်လုပ်ငန်းပြီးစီးပါက ကျေးလက်နေအိမ်ထောင်စု(၉၆)စုရှိ လူဦးရေ(၂၄၇)ဦးအတွက် အထောက်အကူပြုသည့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်မည်ဖြစ်သည်။
အလားတူကျေးလက်မှ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေး၊ ကျေးရွာလူထုကိုယ်တိုင် ကျေးရွာ၏ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အုတ်ပုံအရှေ့ကျေးရွာနှင့် အင်တိုင်းကျေးရွာတို့တွင် ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၃၀)၊ စုစုပေါင်း ကျပ်သိန်း (၁၈၀)ဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးမြို့နယ်ဦးစီးမှူးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)