ရွှေဘို မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပြင်ရွှေပေါ်ကျွန်းစေတီတော်မြတ်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေ၊ ကုသိုလ်ရှင်အများပြည်သူအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံပြီးစီးခြင်းအောင်ပွဲ အနေကဇာတင်လှူပူဇော်ခြင်းနှင့် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အပြင်ရွှေပေါ်ကျွန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဿုတထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် စေတနာရှင် အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး နိုင်ငံတော်သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ပါဠိကာရီတုလွတ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရဘိဝံသမှ လှူဒါန်းမှူအစုစုတို့အား အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်အောင်မြင်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ထွန်းခိုင်(ပြန်/ဆက်)