ဖလမ်း ဇန်နဝါရီ ၁၉
ဖလမ်းမြို့သို့ ဖြတ်သန်းသွားလာမည့်သူများအားလုံး ဖလမ်းမြို့၊ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးရေးဂိတ်၌ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ရောဂါပိုးမရှိမှသာ ဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က ဖလမ်းမြို့သို့ ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကိုသာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးခဲ့ပြီး အခြားခရီးသွားများသည် သက်ဆိုင်ရာ၏ ထောက်ခံချက်များဖြင့် ဖြတ်သန်းသွားလာနိုင်ခဲ့သည်။ မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၏ ထုတ်ပြန်ချက်တွင် “ကလေးမြို့မှ ဖလမ်းမြို့သို့ ဖြတ်သန်း၍ ဖလမ်းမြို့အပါအဝင် အခြားမြို့များသို့ လာရောက်မည့် ကုန်တင်ယာဉ်များရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ လူပုဂ္ဂိုလ်များ( အားလုံး )အား ဖလမ်းမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သွားရန်နှင့် Negative အဖြေထွက်ရှိသူများသာ ဖြတ်သန်းသွားလာခွင့်ပြုသွားရန်”ဟု ပါရှိသည်။
ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှုများလည်း တိုးလာပြီး လက်ရှိတွင် ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ပိုးတွေ့အတည်ပြုလူနာ (၁၀)ဦး ဆေးကု သမှုခံယူလျက်ရှိကြောင်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှ သိရသည်။
ခရိုင် ပြန်/ဆက်