မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်နိုင် ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအေနများအား ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ မေ ၂၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်သည် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဌာနပိုင်အဆောက်အဦများနှင့် လူနေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်သည် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(ပွင့်ဖြူ)သို့ရောက်ရှိပြီး ကျောင်းဝန်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုး၊မျက်နှာကြတ်များပျက်စီးခဲ့သော ဝန်ထမ်းနေအိမ် (၁ ၊ ၂) ၊ ကျောင်းသူအိပ်ဆောင်(သဇင်) ၊ လက်တွေ့ခန်း စာ‌သင်ကျောင်းဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်သည့် ငွေကျပ် ၂,၅၀၀,၀၀၀ အား စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(ပွင့်ဖြူ) ကျောင်းအုပ်ကြီး ဦးကိုးထင်းထံသို့လည်းကောင်း၊ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများပေါ်တွင် ပိမိနေသော သစ်ပင်များ၊ လမ်းမများပေါ်တွင်လဲကျနေသော သစ်ပင်များ၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့အား ငွေကျပ် ၄၀၀,၀၀၀ ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံသို့ လည်းကောင်း ‌အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီး ဦးအောင်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိပြီး ရုံးဝန်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးသွပ်နှင့်မျက်နှာကြတ်များ ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာလေးခန်းတွဲတစ်ထပ် အဆာက်အဦအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော ငွေကျပ် ငါးသိန်းကို မြို့နယ်အားကစားမှူး ဦးခန့်မင်းထက်ထံ ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာရှိ လူနေအိမ် ၆ လုံး၊ စံပြကျေးရွာရှိ လူနေအိမ် ၅ လုံး တို့အား ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်အိမ်ထောင်စုများကို တွေ့ဆုံအားပေးစကားပြောကြား၍ အိမ်ထောင်စု (၁၁) စု အတွက်  ငွေကျပ် ၅၅၀,၀၀၀ အား ပေးအပ်သည်။ ယင်းးနောက် ဘုရားကုန်းကျေးရွာ ရွှေပန်းမြိုင်ဘုန်းတော်ကြီးကျောင်းသို့ ‌သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင် အမိုးလန်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး  ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ငွေကျပ် ၅၀၀,၀၀၀ အား ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးဆန်းဝင်း၏ ကွင်းအမှတ် ၉၅၀၊ ဦးပိုင်အမှတ် (၁၊၂)တွင် နွေနှမ်းသီးနှံ ဘောင်ကျယ်နှင့် မြောင်းစနစ်ဖြင့် စိုက်ပျိုးထားသော စံပြကွက်စိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှုနှင့် Radiation စမ်းသပ်ကွက်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )