အထက်မင်းလှ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေ ၂၀ ရက်နေ့ညနေက မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိုက်စိုးဦးတို့က ရန်ပုံငွေပေးအပ်သည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည့်ရည်ရွယ်ချက် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးသူမှ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်း ဖွင့်လှစ်မှုဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့သည်။
မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအတွက် ရန်ပုံငွေကျပ်သိန်း(၁၅၀)တိတိအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က ပေးအပ်ခဲ့ရာ ပန်းတော်ပြင် ကျေးရွာ အုပ်စု၊ ဥယျာဉ်ကျေးရွာမှ ရပ်ဖိရပ်ဖ(၂)ဦးမှ လက်ခံရရှိခဲ့ကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)