မုံရွာ မေ ၂၂
ပြည်တွင်းအခွန်ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ အခွန်ဦးစီးဌာနမှူးရုံး အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး၊ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးအောင်ကိုက အမှာစကားပြောကြားပြီး မုံရွာမြို့နယ်အခွန်ဦးစီးဌာနမှူး. လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါအခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် အခွန်အသိပညာပေး လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)