အထက်မင်းလှ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က တိုးတက်လာသည့် ပညာရေးစနစ်၏ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများအား ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ကျောင်းနေ့အရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရန်အတွက် မဖြစ်မနေကြိုတင်အပ်နှံကြရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း မိဘများကျောင်းအပ်နှံမှုလွယ်ကူစေရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ ပညာရေး၊ နောင်ရေးကောင်းစေရန်အတွက် သတ်မှတ်ထားသည့် ရက်အတွင်း ကျောင်းနေ့အရွယ်ကလေးများကို ကျောင်းအပ်နှံဖို့ရာလိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့နယ် ပညာရေးမှူး ဦးညွန့်ဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)