စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စစ်ကိုင်းခရိုင်အတွင်းရှိ စာရင်းစစ်ရုံးမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြား

စစ်ကိုင်း မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်မြင့်မြင့်သိန်းသည် စစ်ကိုင်းခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးများမှဝန်ထမ်းများအား ယမန်နေ့မွန်လွှဲပိုင်းက ခရိုင်စာရင်းစစ်ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်ချက်များအား မှာကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်က စာရင်းစစ်ရုံးဝန်ထမ်းများအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာစာရင်းစစ်ရုံးများ လိုက်နာရမည့် စံများနှင့်အညီဖြစ်စေရေး၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရာတွင် ပြည်သူအတွက် အကျိုသက်ရောက်မှု ရှိ၊ မရှိ ထိရောက်စွာစစ်ဆေးဖော်ထုတ်ကြစေရေး၊ အရည်အသွေး ကောင်းမွန်သော စာရင်းစစ် အစီရင်ခံစာများထုတ်ပြန်နိုင်ရေး၊ စာရင်းစစ်ဝန်ထမ်းများ အနေဖြင့် ဌာန၊ အဖွဲ့အစည်းများနှင့် အမှီအခိုကင်းရှင်းပြီး လွတ်လပ်သည့်စိတ်ဖြင့် ပညာရှင် ပီသစွာစစ်ဆေးကြစေရေး၊ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြစေရေး၊ စီမံခန့်ခွဲသူများကလည်း ဝန်ထမ်းများ လုပ်ငန်းခွင်တွင်ပျော်ရွှင်ကြစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဘက်လိုက်မှုမရှိ တရားမျှတစွာစီမံခန့်ခွဲကြစေရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်