မြောင်းမြမြို့၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

မြောင်းမြ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအား ယမန်နေ့နံနက် (၉) နာရီအချိန်က (၁၁) လမ်းနှင့် ဗိုလ်ဗထူးလမ်းထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာအား မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါကျောင်းအပ်နှံရေးအစီအစဉ်တွင် မေလ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ် လက်ခံခြင်းအား သက်ဆိုင်ရာအခြေခံ ပညာကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ရာ ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန် နှင့် ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန်နှင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များစသည်တို့ကို အခြေခံပညာကျောင်းများ၌ အသိပေးကြေညာထားကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)